Foreword အမှာစာ

 

အမှာစာ

ကယန်းစာပေအစသည် ကက်သလစ်ဘုန်းတော်ကြီးများ တီထွင်ရေးသားခဲ့သည့် စာပေဖြစ်ခြင်းကြောင့် ယခင်က ကက်သလစ်ဘာသာဝင်ကယန်းများကသာ သင်ကြားတတ်မြောက်ပြီး အသုံးပြုခြင်းရှိခဲ့သော်လည်း ၂၀၀၀ပြည့်နှစ်တွင် ၎င်းစာပေကို ကယန်းမျိုးနွယ်စုအားလုံးအတွက်ရည်ရွယ်၍ အများနားလည်သည့်ဘုံစကား စာပေဖြင့် ပြင်ဆင်ရေးသားပြီးသင်ကြားပေးရာ အောင်မြင်မှု အရှိန်အဟုန်ရရှိခဲ့သည်။

စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ဘာသာစကားအမျိုးမျိုး၊ စာပေအမျိုးမျိုးနှင့် ဆက်သွယ်ဆောင်ရွယ်ရသည့် ခေတ်အခါရောက်ရှိနေပြီဖြစ်ခြင်းကြောင့် ကယန်းစကားတတ်၊ ကယန်းစာရေးတတ်တစ်ခုတည်းနှင့် မလုံလောက်တော့ပေ။ မြန်မာစာ မြန်မာစကား၊ အင်္ဂလိပ်စကားကို အကိုးကား အထောက်အထားများ ကျယ်ပြန့်လာသည်နှင့်အမျှ ကယန်းဘာသာစကားကို အခြေပြုသည့် ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်တစ်အုပ်ကို ၁၉၈၉ ခုနှစ်တွင်စာလုံးပေါင်း (၂၀၀၀) ကျော်ဖြင့် ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် မူဟောင်းကို အခြေပြုရေး သားခဲ့ခြင်းကြောင့် ကယန်းမျိုးနွယ်စုအားလုံး ဖတ်ရှုနားလည်မှုအားနည်းခဲ့သည်။

ကယန်းစာကို ဘုန်းတော်ကြီးပေါလ်မန်နာက ၁၈၉၇ ခုနှစ် တွင်(၆)သံအထိ သတ်မှတ်ခဲ့သည်။ ကမ္ဘာ့ဘာသာဗေဒပညာရှင် ဒေါက်တာကင်မန်ဆန် (နယူးဇီလန်) နှင့် မစ္စမီဂျာ (တောင်ကိုးရီးယား)တို့၏ အကြံပြုချက်ကြောင့် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅-၂၇) ရက်နေ့အထိ တောင်ငူကက်သလစ်ဆရာတော်ကျောင်းတိုက်တွင် ကျင်းပသည့် ကယန်းနွယ်စုံ၊ ဘာသာစုံ၊ တတ်သိပညာရှင် အားလုံး၏ ဆုံးဖြတ်ချက်အရကယန်းစာကို အသံ(၄) သံရေးသားရန် သဘောတူဆုံးဖြတ်ခဲ့သည်။

ဒုတိယအကြိမ်ထုတ်ဝေလိုက်သည့် ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်သည် ကယန်းမျိုးနွယ်စုအားလုံး နားလည်သည့် ကယန်းစာရေးသားနည်းအသစ် (ကယန်းဘုံစကား)ဖြင့် ဘုန်းတော်ကြီး ဖာသာရ်အက်ဒွက်နန်းနှင့် ဦးတန်မင်းတို့က စာလုံးပေါင်း(၃၅၀၀)ကျော်ဖြင့် ဖြည့်စွက်ပြုစုထုတ်ဝေခဲ့သည်။

တတိယအကြိမ်ထုတ်ဝေလိုက်သည့် ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်ထုတ်ဝေနိုင်ရန် တွက် ရှေ့ပြေးအဘိဓာန် စာအုပ်တစ်အုပ်ပြုစုရာ၌ Dr. Ken Manson (နယူးဇီလန်) နှင့် ဦးတန်မင်းတို့က (၅) နှစ်ကျော်ကာလအတွင်း စကားလဒံးပေါင်း (၁၀၄၀၀)ကျော်ပါ ရှေ့ပြေး ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ် တစ်အုပ်ကို ၂၀၁၂ ခုနှစ်တွင် ပြုစုနိုင်ခဲ့သည်။

ရှေ့ပြေးအဘိဓာန်စာအုပ်နတွက် ဗျည်းအက္ခရာအလိုက်မဟုတ်ဘဲ၊ အသံထွက်အစဥ်အလိုက်စီပေးခြင်း၊ အင်္ဂလိပ်စာအနက်အဓိပ္ပါယ် တည်းဖြတ်ဖြည့်စွက်ခြင်း၊ အစစအရာရာဦးစီးလမ်းညွန်ပေးခဲ့သည့်အပြင် လိုအပ်သည့် အထောက်အကူ ပစ္စည်းများပေးကန်းခြင်းနှင့်အတူ ရှေ့ပြေးအဘိဓာန်စာအုပ် (၁၀၀)ထုတ်ဝေပေးသည့် Dr. Ken Manson ကို ကယန်းပြည်သူအားလုံးက အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ပြေးအဘိဓာန်စာအုပ်ပြုစုစဥ်က ဖြည့်စွက်ရန်လိုအပ်သည့် စကားလုံး အသစ်အချို့ကိုလာရောက်အကူအညီပေးသည့် ဆောင်ဒူပူးဖါးမှ ဦးလေးရှို့ဖန်ကိုလည်းကောင်း၊ ရှေ့ပြေးပြုစုချိန်မှ တတိယအကြိမ် ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်ထုတ် ဝေနိုင်သည်တိုင် ကာလအားဖြင့် (၇)နှစ်ကျော် ကြာမြင့်သည့်အထိ အချိန်ပေးဆပ်ခဲ့ရသည့် ဦးတန်မင်း၏ စေတနာကိုလည်း ကယန်းလူထုက အသိအမှတ်ပြုပါသည်။

ရှေ့ပြေးအဘိဓာန်စာအုပ်ထဲမှ စကားလုံးပေါင်း (၁၀၄၀၀) ကျော်ကို ဘုန်းတော်ကြီး ဖာသာရ်အက်ဒွက်နန်းနှင့် ဦးတန်မင်းတို့က (၂)နှစ်ကျော်ကြာ ပြန်လည်စီစစ်တည်းဖြန်ပြီး စကားလုံးပေါင်း (၁၀၄၀၀) ကျော်ပါဝင်သည့် တတိယအကြိမ် ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်အသစ်ထုတ်ဝေလိုက်သည်။

စာပေဟူသည် လူမျိုးတစ်မျိုး၏ ယုံကြည်ရာဘာသာတရားအပေါ် အခြေခံခြင်း မဟုတ်ဘဲ လူမျိုးကိုသာ အခြေခံသည့်အတွက် ကယန်းအားလုံးသည်လည်း ကယန်းစာပေကို အလေးအနက်ထားပြီးရေး၊ ဖတ်၊ ပြောတတ်ရန် ကြိုးစားကြရမည်ဖြစ်ပါသည်။

“ကျွန်ုပ်တို့စကားစာပေ ပျောက်ကွယ်ပါက ကျွန်ုပ်တို့လူမျိုးလည်း ပျောက်ကွယ်လိမ့်မည်”

“If our language dies, our heart dies”

ဆရာတော်ကြီးမာတီးယားဦးရွှေ

အမြဲတမ်းနာယကကြီး

ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီ

___________________________________________________

အမျိုးသားစာပေဆုရှင် ဦးကျော်သန်း(ဖယ်ခုံ)၏ အမှာစာ

  • လောကတွင် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူကြစမြဲပင်ဖြစ်သည်။
  • ဥာဏ်ပညာကြီးသူက ဥာဏ်ပညာနည်းသူကို ဆရာလုပ်ကြစမြဲပင်ဖြစ်သည်။
  • အားကောင်းတဲ့ ယဥ်ကျေးမှုတွေကအားနည်းတဲ့ယဥ်ကျေးမှုတွေကိုဝါးမြို စိုးမိုးခြင်းသည် လူအဖွဲ့အစည်းထဲမှာ တကယ်အရှိတရားဖြစ်သည်။
  • ၂၄.၆.၂၀၀၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်းအဆိုအရ လာမည့်ခရစ်နှစ် ၂၀၅၀ ကျော်လာလျှင် ကမ္ဘာ့ပေါ်ရှိ ဘာသာစကားများထက်ဝက်ခန့်သာ ကျန်ရှိတော့မည်ဟု ခြိမ်းခြောက်ဟောကိန်းထုတ်လိုက်သည်။
  • ဘာသာဗေဒပညာရှင်အချို့က ဘာသာစကားတိမ်ကောလာခြင်းသည် လူ့ယဥ်ကျေးမှုအဆင့်မြင့်လာခြင်းကြောင့်ဖြစ်လာရသည့် ဖြစ်စဥ်ဖြစ်ကြောင်းသုံးသပ်ကြသည်။
  • ဘာသာစကားမရှိလျှင် စာပေဟူ၍ဖြစ်မလာနိုင်။ ဘာသာစကားရှိခြင်းကြောင့်စာပေဖြစ်လာသည်။ ဘာသာစကားမပျောက်ပျက်အောင် စာပေကပြန်၍ထိမ်းကြောင်းရသည်။ ဘာသာစကားနှင့်စာပေသည် လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးသည်။ ဘာသာစကားတစ်ခု ဆုတ်ယုတ်ပျောက်ကွယ်သွားလျှင် ယှဥ်တွဲတည်ရှိနေသော စာပေ ယဥ်ကျေးမှုနှင့် လူမျိုးပါပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
  • ကယန်း-အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်သည် ကယန်းဘာသာစကား၊ ကယန်းစာပေမပျောက်ပျက်အောင်ထိမ်းကြောင်းရာတွင် အမြဲထိတွေ့နေရသည့် အင်္ဂလိပ်-မြန်မာစာပါ ယှဥ်တွဲ၍လေ့လာနိုင်စေရန် ရေးသားထားသည့် ကယန်းစာအသုံးဝင်မှု ပိုမိုကျယ်ပြန့်လာပြီး ဂုဏ်သိက္ခာရှိသည့်စာပေအဖြစ် အဆင့်မြင့်တင်ခဲ့သည့် စာအုပ်ဖြစ်သည်။ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကူညီရေးသားပေးကြသည့် စာပေပညာရှင်များအားလုံးကို ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီက အထူးကျေးဇူးတင်ရှိကြောင်း ကယန်းစာနှင့်ယဥ်ကျေးမှုဗဟိုကော်မတီကိုယ်စား ဖော်ပြအပ်ပါသည်။

ဦးကျော်သန်း(ဖယ်ခုံ)

အမျိုးသားစာပေဆုရှင်

ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီ(အကြံပေး)